လူသိနည်းနေသေးတဲ့ ညအိပ်မပျော်မှုဖြစ်စေတဲ့ တရားခံတွေ
ညအိပ်ချိန်ဟာ လူ့ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာ တော်တော်များများသိပြီးသားဆိုပေမဲ့ ဒီလို ညအိပ်မပျော်ဖြစ်စေတဲ့ အကြောင်းရင်းခံတွေနဲ့ ပတ်သက်ပြီး လူသိနည်းနေပါသေးတယ်။ ဒီအကြောင်းရင်းတွေထဲမှာ ကိုယ်နေထိုင်ရာနေရာ၊ ပတ်ဝန်းကျင်ကြောင့်တင်မကဘဲ ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးကြောင့်လည်း ပါဝင်ပါတယ်။ ဒီတရားခံတွေထဲမှာ -
၁။ စိတ်ဖိစီးမှု
အလုပ်ခွင်၊ လူ့ပတ်ဝန်းကျင်ကနေ ဝင်လာသမျှ စိတ်ဖိစီးမှုပေါင်းစုံကြောင့် ဦးနှောက်ကနေ Cortisol ဟော်မုန်းတွေ ထွက်လာတဲ့အခါ ညအိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဝင်ငွေအခက်အခဲ၊ မိသားစု၊ အချစ်ရေးပြဿနာ၊ စိန်ခေါ်မှုတွေ၊ အလွန်အကျွံ အလုပ်လုပ်ခြင်း အားလုံးက အိပ်ပျော်မှုကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုပြဿနာတွေပါပဲ။
၂။ စိတ်ကျန်းမာရေးပြဿနာ
စိတ်ရောဂါအခြေအနေမဟုတ်ဘဲနဲ့ ရိုးရိုးစိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေတောင်မှ ကိုယ့်ရဲ့ အိပ်ပျော်မှုကို ဒုက္ခပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ တွေးခေါ်သုံးသပ်နိုင်မှုနဲ့ သိစိတ်တွေကို အချိန်ပြည့်လွှမ်းမိုး သက်ရောက်စေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာတဲ့အခါ လုံးဝမအိပ်တော့တာ ဒါမှမဟုတ် အလွန်အကျွံအိပ်တာတွေ လုပ်တတ်ပါတယ်။
၃။ ညဘက်မှာ အစာစားခြင်း
ညအိပ်ကာနီးမှ အစာစားတာ၊ သန်းခေါင်ယံအချိန်မှာ အစာစားတဲ့အခါ ပင်ပန်းနေတဲ့ အစာအိမ်ကနေ ဒီအစာတွေကို ချေဖျက်ဖို့ အလုပ်လုပ်ပေးနေရပါတယ်။ ဒီလိုမျိုး အစာအိမ်ထဲက အစာချေဖျက်နေတဲ့အခါ အိပ်ရာထဲမှာ မျက်လုံးမှိတ်ထားရင်တောင် အလွယ်တကူ အိပ်ပျော်နိုင်ဖို့ ခက်ခဲတဲ့အတွက် ညဘက်မှာ အစာစားတာကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။
၄။ ပမာဏအများကြီး စားတတ်ခြင်း
ဒီအချက်ကိုတော့ တော်တော်များများ မေ့နေတတ်ကြမယ်ထင်ပါတယ်။ သတ်မှတ်ထားတာထက် လွန်ကဲတဲ့ ပမာဏအများကြီးကို တစ်ထိုင်တည်းစားလိုက်တဲ့အခါ အစာအိမ်က အစာချေဖျက်မှု နှေးသွားသလို ပိုလျှံနေတဲ့အစာတွေက ဗိုက်ထဲမှာ ကျန်နေသေးတဲ့အတွက် လူကို သက်သောင့်သက်သာမဖြစ်စေဘဲ အိပ်ပျော်ဖို့ ပိုခဲယဉ်းစေပါတယ်။
၅။ ဟောက်ခြင်း
ဟောက်တာကို ရယ်စရာဟာသတစ်ခုလို တော်တော်များများ မြင်တတ်ကြပေမဲ့ တကယ်တမ်းမှာ အသက်သေဆုံးတဲ့အထိ အန္တရာယ်ကြီးတဲ့ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ဟောက်သံထွက်လာခြင်းဟာ အိပ်ပျော်နေစဉ်မှာ အသက်ရှူလမ်းကြောင်း ပိတ်သွားတာကြောင့် ပါးစပ်ကနေ ဟပြီး အသက်ရှူရတဲ့အတွက် ဟောက်သံလိုထွက်လာရတာဖြစ်ပြီး ဟောက်တတ်သူတွေအများစုဟာ အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူရင်တောင် မနက်နိုးလာတဲ့အခါ အိပ်ရေးမဝသလိုဖြစ်ပြီး လန်းဆန်းတက်ကြွမှု၊ အားအင်မရှိဘဲ နုန်းနေတတ်ပါတယ်။
၆။ နာကျင်ကိုက်ခဲမှု
ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုရင် ဦးနှောက်က ဒီနာကျင်မှုကို အလွန်အမင်း အာရုံစိုက်ထားတတ်ပါတယ်။ ဒီလိုနာကျင်မှုတွေထဲမှာ အရိုးအဆစ်ထိခိုက်မိခြင်း၊ နာတာရှည် လေးဖက်နာရောဂါ၊ အဆစ်အမြစ်နာခြင်း၊ ခါးကိုက်ခါးနာခြင်း၊ ပွန်းပဲ့ဒဏ်ရာဖြစ်ခြင်း၊ ကင်ဆာရောဂါ စတာတွေပါဝင်ပြီး ဒီနာကျင်မှုတွေကို အာရုံစိုက်ထားရတဲ့အတွက် ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။
၇။ ယားယံခြင်း
အသားယားပြီဆိုရင် ဘယ်သူကမှ နေလို့ထိုင်လို့ ကောင်းမယ်တော့မထင်ပါဘူး။ အိပ်ကာနီးအချိန်မှာမှ ချွေးစေးတွေပြန်ရင်း ယားရတာနဲ့ အသားခြောက်ပြီး ယားတာ၊ ရှိရင်းစွဲ အရေပြားရောဂါကြောင့် ယားယံလာပြီဆိုရင် အိပ်ချင်နေတဲ့ဦးနှောက်က ဒီပြဿနာကို အာရုံစိုက်မိသွားပြီး ညဘက်မှာ အိပ်ပျော်ဖို့ ခဲယဉ်းသွားစေပါတယ်။
သင်ကိုယ်တိုင်၊ ဒါမှမဟုတ် သင့်မိသားစုမှာ အကြောင်းအမျိုးမျိုးကြောင့် ညအိပ်မပျော်တဲ့ ပြဿနာကို ခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်